the-art-of-manorhary.com
ဒီနေရာလေးကို မရောက်ဖြစ်တာ ကြာပါပြီ။
ခုလက်ရှိပို့စ်တွေ အဆက်မပြတ် တင်နေတဲ့ နေရာကတော့
the-art-of-manorhary.com နဲ့ manorhary.net ပါပဲ
Facebook က notes တွေမှာလည်း ဖတ်နိုင်ပါတယ်။
သိုက်စာ
သိုက်စာ
ထစ်ကနဲဆို
ပြိုမည်တကဲကဲဖြစ်နေသောတိမ်အုပ်များ
လေနှင်ရာလွင့်ပါးသွားခဲ့ကြပြီ။
အကြောင်းကြားစာနောက်ကျသွားသောအတိတ်တံခါးချပ်
ဖျတ်ကနဲပွင့်….
အနီရင့်ရင့်တွေသာ လန်းစွင့်လာခဲ့။
ခုလောက်ဆို….
တစ်နေရာရာမှာ ခြေကုန်လက်ပမ်းကျ
သူတို့ရွာချလိုက်ပြီးရောပေါ့…။ ။
မနော်ဟရီ
၁.၈.၂၀၀၉
အချစ်ဆိုသော လက်တမ်းပုံပြင်များ အကြောင်း
ါဝါက တက်ဂ်ပါတယ်။ အချစ်အကြောင်းတဲ့..။ စည်းကမ်းချက်ကလည်းပါလိုက်သေးတယ်။ အမှန်က ထုံးစံအတိုင်း တက်ဂ်ပို့စ်တွေမှာ ကျွမ်းကျင်စွာညံ့တတ်တဲ့ ကျွန်မက ဝါဝါ့ဆီမှာ အကြွေးက သုံးခုပါ။ ဒီပို့်စ်လေးကိုတော့ထပ်ရှောင်လို့မကောင်းဘူးဆိုပြီး တစ်ခါကရေးဖူးခဲ့တဲ့ကဗျာလေးကို ပြန်တင်ပေး လိုက်ပါတယ်။ ရွှေဖူးစာ မဂ္ဂဇင်း၊ အချစ်ဂျာနယ် မျက်နှာဖုံးနဲ့ နောက်ထပ် စာမျက်နှာသုံးလေးခု လောက်မှာပါထားပြီးသားဖြစ်တဲ့အပြင် ဘလော့ခ်စလုပ်တုန်းကလည်း တင်ထားဖူးတာမို့ အဟောင်း လို့ပဲ ပြောကြရအောင်။ ဒါပေမယ့် မဖတ်ရသေးတဲ့သူတွေနဲ့ တက်ဂ်ထားတဲ့ ဝါဝါ့အတွက် အမှတ်တရပါ။
အစ… ဘုရားသခင်က ကြွေအံမကစားတော့ဘူးဆိုပြီး အံစာတုံးကိုကောက်အသိမ်း အိတ်ဝကနေ ချော်ကျလာတဲ့ အံစာတစ်တုံးဟာ ငါတို့ရဲ့ ကံကြမ္မာဖြစ်တယ်။ ကြည့်လိုက်တော့ မျက်နှာပြင် ခြောက်ခုလုံး နဲ့ မသက်ဆိုင်တဲ့ အံစောင်းတစ်ခုဖြစ်နေခဲ့တယ်။ ဒါပါပဲ ။ နောက်ထပ် လက်တမ်းပုံပြင်အသစ်တစ်ပုဒ် ဘုရားသခင် ကိုယ်တိုင် နားဆင်ခွင့်ရသွားခဲ့တာပေါ့
ရင်ကိုတောက်စားတတ်တဲ့ဖဲပွင့်တွေအကြောင်းကစ ရအောင်
“ချစ်တယ်”ဆိုတာတကယ်တော့“သေဆုံးခြင်း”တဲ့..
နားလည်သူတွေရဲ့ ခေါင်းတညိတ် ကိုပဲ လက်ခံမှာပါ..
အနာဂါတ်ဟာ ဘာအကြောင်း အရာမှရေးထိုး မထားတဲ့ စာရွက်တစ်ရွက် မှ မဟုတ်ပဲ
ခဲဖျက် ဆိုတာကလည်း ငယ်တုန်းပဲ အသုံးဝင်တာ…
“မသေချာဘူး”ဆိုတဲ့ လူတွေကို ပြုံးကြည့်ရင်း
မျက်နှာကြော တွေ တောင် တင်းလာ လိုက်တာ
ကမ္ဘာဦးကျမ်းကြီး တောင် မြွေတစ်ကောင်နဲ့  အကြီးအကျယ် ပြဿနာတက်လို့ ..
“ငါတို့ နောက်ဆုတ် ကြပါတော့လား”
ကိုယ့်ကိုကိုယ် ပြောတာတောင် ကြားအောင် မပြောရဲတဲ့ နောက်
ချောက်ကမ်းပါး ဆိုတာလည်း ဂန္ထ၀င် ဂီတတစ်ပါး ပဲပေါ့
တစ်ခုပဲ…တစ်ခုပဲ…
ဒီနေ့ ထိ လူတွေ အယူလွဲနေတဲ့ “အချစ် အကြောင်း စစ်စစ်” ကို
ဘယ်လို လူကမှ သေချာမသိ လေတော့
လက်တမ်းပုံပြင် တွေ တလေတလွင့် ရေပန်းစားကျန်ခဲ့တာ… မဆန်းပါဘူး။
မနော်ဟရီ
၂၀၀၃
သေတမ်းစာ
ဓါးတစ်လက်ဖြင့် ရင်ဝတည့်တည့်သို့ ထိုးစိုက်ချလိုက်သောအခါ စက္ကန့်ပိုင်းအတွင်းတွင် ကျွန်မကိုယ်ကျွန်မ အဆုံးစီရင်ခြင်းသည် ပြီးဆုံးသွားပါလိမ့်မည်။ ကျွန်မသည်လည်း ပြီးဆုံး သွားပါလိမ့်မည်။ ထို့အတူ အဆုံးစီရင်ခြင်းသည်လည်း ပြီးဆုံးသွားပါလိမ့်မည်။
သို့သော်….
ကျွန်မ၏ ချစ်ခြင်းများကတော့ ပြီးဆုံးသွားလိမ့်မည် မဟုတ်ချေ။
ထိုအခါ ချစ်သူသည် ဝိညာဉ် တစ်ခု၏ လွမ်းဆွတ်ခြင်းကို ခံရလိမ့်မည်။ သို့သော် ဝိညာဉ် တစ်ခုက သူ့ကို လွမ်းဆွတ်နေသည်ကိုတော့ သိချင်မှသိလိမ့်မည်။ ဖြူဆွတ်အေးစိမ့်သော ခံစားမှုကို ချစ်သူက သူ့ထုံးစံအတိုင်း အကောက်အယူလွဲချင်လွဲနေလိမ့်ဦးမည်။ ဖျန်းကနဲ ထလာတေသာ ကြက်သီးဖုများကိုကြည့်ရင်း ခပ်ပေါ့ပေါ့ပါးပါးလည်း ရယ်မောချင်ရယ်မော နေလိမ့်မည်။
ကံတရားအတိုင်းသာရှိပါစေတော့။
(လွမ်းတတ်သော ဝိညာဉ်တစ်ခုသည် ချစ်သူ့အနားမှာရှိသည်။ ချစ်သူ့အနားမှာ လွမ်းတတ်သော ဝိညာဉ်တစ်ခုရှိသည်။ ဝိညာဉ်တစ်ခုသည် လွမ်းတတ်သော ချစ်သူ့အနားမှာ ရှိသည်။ ချစ်သူ့အနားမှာ လွမ်းတတ်သော ဝိညာဉ်တစ်ခုသည်… ….. ….. … စကားလုံးများ ရှုပ်ထွေးသွားကြသည်။)
ချစ်သူ၏ ဆောင်းရာသီ နှင်းများသည် ခါးသက်မူးဝေလှသည်ဟု ကြားဖူးသည်။ ချစ်သူ၏ ဆောင်းရာသီအလွန် နွေဦးပွဲတော် တချို့ကို ကျွန်မ ဆင်နွှဲခွင့် မရလိုက်သော်လည်း မည်သို့မှ မခံစားရပါ။ သို့သော် ကျွန်မ၏ မျက်ရည်မိုးစက်များကြားတွင်တော့ ချစ်သူကို ရှိနေစေချင်သည်။ သို့မဟုတ် ချစ်သူရှိနေပါလိမ့်မည်။ နှစ်သက်စွာ သို့မဟုတ် မနှစ်သက်စွာ သို့မဟုတ် သိမှတ်မဲ့စွာ..။
ဒိုင်ယာရီတစ်ခု၏ စာမျက်နှာများသည် သန့်စင်လေးနက်သော ဖြူစင်မွန်မြတ်သော ချစ်ခြင်းများနှင့် မွှေးသန့်နေခဲ့ဖူးသည်။ ပထမဆုံးပွင့်သော အဖြူရောင် ကမ္ဘာဦး ပန်းကလေး တစ်ပွင့်၏ရနံ့ကို သင်တို့ ရရှိခဲ့ဖူးပါသလား။ ချစ်သူကတော့ ကံကောင်းပါသည်။ တန်ဖိုးမထားတတ်သည်ကတော့ သူ၏ ခံယူမှုသာဖြစ်ပါသည်။
ကျွန်မကတော့ကံကောင်းသည်လား။ ဆိုးသည်လား ။ ရာသီစက်ဝန်းတစ်ခု၏ အစသည် ဆောင်းရာသီ ဖြစ်နေခဲ့ပြီး ကျွန်မက မိုးရေစက်များကြားတွင် နေထိုင်ရသောကြောင့် ဖြစ်သည်။
(ကျွန်မသည် ချစ်သူကို အရမ်းချစ်သည်။ ချစ်သူကို ကျွန်မသည် အရမ်းချစ်သည်။ ချစ်သူကို အရမ်းချစ်သည်။ ချစ်သူကို ကျွန်မသည်……….. ….. …… …. စကားလုံးများ ရှုပ်ထွေးသွားပြန်သည်။)
ဇီဇဝါ ရနံ့များ သင်းပျံ့နေတတ်ပြီး အဝါရောင် နှင်းဆီအိုးတစ်အိုး ထိုးစိုက်ထားသော စုန်းပြုခံ ညများသည် ကျွန်မ၏ ဒိုင်ယာရီ စာရွက်ဖြူဖြူများထဲသို့ ခုန်ပေါက် ဝင်လာခဲ့ကြသည်။ အရောင်ကွဲဆို၍ အဝါရောင် နှင်းဆီများသာရှိသော ကျွန်မ၏ အဖြူရောင် အခန်းလေးသည် ဝါလွင်လွင် ရနံ့များနှင့် ပြည့်နေတော့၏။ အိပ်ရာခင်းထက်မှာ ခန်းဆီးစ ဖြူဖြူထက်မှာ နံရံဖြူဖြူပေါ်မှာ အကျီ င်္ဖြူဖြူပေါ်မှာ ဘယ်နေရာ ကြည့်ကြည့် နေရာအနှံ့ … အဝါရောင် ရနံ့များစွန်းပေလျက်…။
မှော်ပူးနေသည်ဟု ထင်ရသော စကားလုံးလှလှများက ကျွန်မကို ဆွဲကိုင် ခြောက်လှန့် နေတတ်သည်။ ကျေးဇူးပြုပြီး ကျွန်မကို ပဉ္စလက်တွေနဲ့ မနှိပ်စက်ပါနဲ့လားချစ်သူ။ ဝဋ်ကြွေး တစ်ခု မကုန်ခမ်းသရွေ့ ပင်ပန်းခြင်းကြီးစွာ လွင့်မျောနေရဥိးမည့် တိမ်တိုက်တစ်စ ပမာ ကျွန်မ အချိန်တန်လျင် ငိုကြွေးမိပါလိမ့်မည်။ ကျွန်မသည် အဝါရောင်များကို မုန်းသော အဖြူရောင် တိမ်တစ်စသာ ဖြစ်သည်။
(ကျွန်မသည် အဝါရောင် နှင်းဆီပန်းများကို မုန်းသည်။ အဝါရောင်နှင်းဆီပန်းများကို ကျွန်မသည် မုန်းသည်။ မုန်းသည် အဝါရောင် နှင်းဆီပန်းများကို ကျွန်မ…. ….. ….. စကားလုံးများ ရှုပ်ထွေးသွားပြန်သည်။)
ဇိယုနတ်မင်းကြီးထံမှ ပြက္ခဒိန် လုပ်သောလက်ကို ကျွန်မ ခိုးယူချင်သည်။ သို့တည်းမဟုတ် အလဲအလှယ် ပြုလိုသည်။ သို့မဟုတ် ဝယ်ယူလိုသည်။ သက္ကရာဇ် အချို့ကိုဖယ်ထုတ် ပစ်ခဲ့ချင်၍ ဖြစ်သည်။ အထူးသဖြင့် သောကြာရထားစီးလာသော ထိုင်ခုံနံပါတ် (၁၃) နှင့် (၁၄) ကိုတင်ဆောင်လာသည့် ၁၉၉၆ ကိုဖဲ့ထုတ်ခဲ့ချင်သည်။ ထိုသို့ဆိုလျင် အတိတ်တွေ ပြင်ဆင်ခွင့် ရသွားလေမည်လား။
ထင်ရသော အနိုင်၊ အောင်မြင်မှု၊ ပျော်ရွှင်မှု၊ မမြင်ရသောအရှူံး ၊ ကျဆုံးမှု၊ မျက်ရည်စများ .. တို့နှင့် ကျွန်မ၏ နေ့ရက်များသည် စွတ်စို တိတ်ဆိတ်လာခဲ့သည်။ သို့သော် မျက်ရည်ကို မနှစ်သက်သော မယုံကြည်သော ဥပေက္ခာပြုတတ်သော ချစ်သူအတွက် ကျွန်မ၏ အဖြူရောင် ခေါင်းအုံးကလေးသည် ဓားစာခံ ဝါရော် စွန်းကွက် သွားရတော့၏။
(ကျွန်မသည် မျက်ရည်စက်များနှင့် ရင်းနှီးမှု မရှိခဲ့ပါ။ မျက်ရည်စက်များနှင့် ကျွန်မသည် ရင်းနှီးမှု မရှိခဲ့ပါ။ ရင်းနှီးမှုမရှိခဲ့ပါ….ကျွန်မသည် မျက်ရည်စက်များနှင့်…. ….. ….. စကားလုံးများ ရှုပ်ထွေးသွားကြပြန်သည်။)
တစ်လောကလုံးကို ကြယ်ကလေးတစ်လုံးတည်းနှင့် ကျွန်မကလင်းချင်းစေခဲ့သည်။ သို့သော် ထိုကြယ်ကလေး၏ ရာသီဥတုကတော့ မှိုင်းညို့ အုံ့ဝေနေခဲ့ဆဲ။ နှင်းရိပ်နှင်းငွေ့တို့ ဖျော့ဖျော့ပါးပါး ကျဆင်းရွာသွန်းနေခဲ့ဆဲ။ နှင်းစားသဖြင့် တဖြုတ်ဖြုတ် လွင့်ကြွေသွားသော ချစ်သူ၏ အနာဂတ်များအတွက် ကျွန်မသည် စိုးရိမ်မှုလွန်ကဲစွာ.. … သို့သော်.. .. ကျွန်မ၏ စိုးရိမ်မှုများသည် ဂျပန်ဓါးတစ်လက်ပေါ်သို့ သက်ရောက်သွားခဲ့သောအခါ…….
အရာအားလုံး ပြီးဆုံးလွင့်မျောသွားသည့်အခါ ကျွန်မ၏ အဖြူရောင် အခန်းကလေးသည် အဝါရောင်၊ အနီရောင်၊ များ စွန်းထင်းကျန်နေရစ်လိမ့်မည်။ ခရမ်းရောင်နုနု လွှမ်းခြုံထားသော ကျွန်မ၏ ဝိညာဉ်ကတော့ ချစ်သူကို ကောင်းကင်ယံကနေ ငုံ့ကြည့် လွမ်းဆွတ်နေပါလိမ့်မည် ။ ချစ်သူကရော……….။
(ခရမ်းနုရောင် အလွမ်းများ တဖွဲဖွဲ သွန်းဖွဲ့ကျလာသော ကောင်းကင်ပြင်သည် ကျွန်မ ဖြစ်သည်။ ခရမ်းနုရောင် အလွမ်းများ တဖွဲဖွဲ သွန်းဖွဲ့ကျလာသော ကောင်းကင်ပြင်သည် ကျွန်မ ဖြစ်သည်။ ခရမ်းနုရောင် အလွမ်းများတဖွဲဖွဲ သွန်းဖွဲ့ကျလာသော ကောင်းကင်ပြင် သည် ကျွန်မဖြစ်သည်။…..ထိုစကားလုံးများကတော့ စနစ်တကျ ခိုင်မာနေခဲ့လေသည်။)
မနော်ဟရီ
ရွှေဖူးစာ မဂ္ဂဇင်း အောက်တိုဘာ ၂၀၀၂
လူဇော်နဲ့ နီးစပ်ရာ အသိုင်းအ၀ိုင်း
graphic designer တဖြစ်လဲ ကဗျာဆရာလူဇော်သစ်ရဲ့ ကဗျာတွေပါ။ သူကိုယ်တိုင် အောက်ခြေမှတ်စုလေး တွေနဲ့ ကျွန်မဆီ တကူးတကပို့ပေးခဲ့တာပါ။ ကဗျာစုလေးတစ်ခု အဖြစ် ဖတ်နိုင်ပါတယ်။ ကျွန်မချစ်သောကဗျာများ မှာ တင်ထားပါတယ်။
မောင်ချောနွယ်ရဲ့ ကောင်မလေး
ကွယ်လွန်သူ ကဗျာဆရာ မောင်ချောနွယ်ရဲ့ ဘယ်မှာမှ ပုံနှိပ်ခဲ့ခြင်းမရှိသေးတဲ့ ကဗျာရှည်ပါ။ သူငယ်ချင်း တင်မင်းထက် ရဲ့ ရွှေဝါပြည် ဘလော့ဂ် ကနေ ကူးယူလာခဲ့တာဖြစ်ပါတယ်။ ကျွန်မချစ်သောကဗျာများ မှာပဲ ကဗျာမှတ်စုအနေနဲ့တင်ထားလိုက်ပါတယ်။ ရွှေဝါပြည် မှာ အခြားရှားပါး စာကဗျာတွေလည်း ဖတ်နိုင်တာမို့ နတ်လမ်းညွှန်လိုက်ရပါတယ်။
တစ်ညလုံးမအိပ်ခဲ့ရတဲ့ ညကြီးရဲ့ ကောင်မလေး
မောင်ချောနွယ်
အတိမ်အနက်
အတိမ်အနက်
စိတ်ကိုဖောက်ထွက်သွားတဲ့တရားက
ဓါးထက်စိုက်အားနက်ခဲ့တယ်…
ငယ်ရွယ်စဉ်အခါကမိုက်ရူးရဲ ဆေးမင်အရုပ်တွေကို
တရားကိုစောင့်သောနတ်အရောင်ခြယ်လိုက်တော့
ခပ်တင်းတင်းနဲ့ ပျိုးပြက်ပြက်လင်းလာတယ်။
စစ်ထိုးမှာမဟုတ်ပဲ နောက်ပြန်ဆုတ်ခဲ့တာပါ
သတ်ကွင်းထဲမှာ ငါ့မာနတွေကို ခဝါချခဲတာပေါ့
ထပ်မံငြင်းခုံစရာစကားလုံးတွေလည်းဆိတ်သုဉ်းသွားခဲ့
အဲဒီကန်ရေပြင်က နက်ရှိုင်းအေးစိမ့်နေလိုက်ပုံ။
မနော်ဟရီ
အတိမ်အနက်
အတွင်းထဲကိုတိုးဝင်အေးစိမ့်နေတယ် …
အဲဒီအော်သံဟစ်သံတွေ
အ၀ီစိနဲ့ဘ၀ဂ်ကြားမှာပြည့်သိပ်နေခဲ့တယ် ….
တကယ်ချစ်ရင် ပန်းတစ်ပွင့်ပေးပါ …
ခေါင်းရမ်းခတ္တာမရွေးနေပါနဲ့တော့ ခေတ်ပျက်ကြီးရယ် …၊
သေနင်္ဂဗျူဟာ စကတည်းက
သေနေရတဲ့ အဖွင့်စာမျက်နှာမှာ အက်ရာတွေထည်လဲတွဲခဲ့တဲ့သူ …
အခုလည်းမီးခိုးတိတ် ကြေကွဲနေပုံက
မီးကုန်ယမ်းကုန် နိုင်လွန်းတယ် ….၊
ခန္ဓာတစ်အိမ်တည်းနဲ့
အိမ်ခြေမဲ့နေတဲ့ဘ၀ …
စေ့စေ့တွေးမှ ရေးရေးနာတယ် …
လောကဓံက အဆန်တွေချည်းပဲ ….
ရေစီးတသံသရာ ရေသာချိန်မရှိ
ဒီလိုနဲ့ …
ကာလနဂါးတွေ တစ်ရေးခဏခဏနိုးတယ် …
(ဘုရားအဆူဆူလွဲတယ်)
ဒီမောဟက နောက်မောဟကိုမွေးစားတယ် …
နေ့တာအတိုဆုံး
ဆောင်းတွင်းတစ်ခု ကောက်ရခဲ့တဲ့
အန္ဓတစ်ယောက်ရဲ့အရှုံးမှာ …
ကြယ်တွေတောင်ကြွေဖို့အားမရှိတော့ဘူး ….။
Zephyr
memorandom poem collection
ကဗျာဆရာ နောင်မင်းနိုင် ရဲ့မွေးနေ့အမှတ်တရ ထုတ်ဝေတဲ့ ကဗျာစာအုပ်လေးပါ။ ပါဝင်ရေးသားသူတွေနဲ့ နီးစပ်ရာခင်မင်သူတွေအတွက်ပဲ ကန့်သတ်ထုတ်ဝေတာလို့ဆိုပါတယ်။ ဒီစာအုပ်လေးကို ပို့ပေးတဲ့ ကဗျာ ဆရာလူဇော်သစ်နဲ့ pdf file ကနေ ဖိုင်ပြောင်းပေး ဖောင့်ပြောင်းပေးပြီးပြန်ပို့ပေးတဲ့ တင်မင်းထက် တို့ကို ကျေးဇူးတင်ပါတယ်။ ပါဝင်ရေးသားသူတွေက
နောင်မင်းနိုင်
လူဇော်သစ်
ညွန့်သစ်
ဝိုင်ချို
မောင်လင်းခက်
မောင်မျိုးမွန်
သျှီသူအောင်
တိုးနှောင်မိုး
အောင်ရင်ငြိမ်း
အေမွန်
ဇော်မိုးလွင်
မအိ
ကိုမြတ်ခိုင်ဦး
အောင်ပိုင်စိုး
စိုးထွဋ်
ဖျာပုံမောင်စန္ဒာ
သစ်အောင်ခိုင်
မင်းထက်ခိုင်
ဖွဲ့သီသစ်
လင်းသဏ်ညီ
မာန်ထက်သာ
မျိုးမင်းညိန်း
ညိုနွယ်ထွန်း
မင်းသန့်စင်
ဗညားလှိုင်ဦး
နီမျိုးထက်
ကေမျိုးငြိမ်း
စည်သူငြိမ်း
သူရနီ
……………………..တို့ပါပဲ။ ကျွန်မချစ်သော ကဗျာများ မှာ တင်ထားပါတယ်။
ဒီစာအုပ်လေးကို pdf file နဲ့လိုချင်တယ်ဆိုရင် မြန်မာကျူးပစ်ဖိုရမ်မှာ သွားပြီး download လုပ်နိုင်ပါတယ်။ တဆက်တည်းပြောရရင် ဒီကျွန်မချစ်သောကဗျာများမှာတင်ခဲ့တဲ့ သုခမိန်လှိုင်ရဲ့ ဂျွန်လ၏မိုးရေစက်များ နဲ့ ဖော်ဝေး၊မောင်ချောနွယ်၊အောင်ချိမ့် တို့ရဲ့ သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ တို့ကိုလည်း အဲဒီမှာ ebook အဖြစ် ရယူနိုင်ပါတယ်။ နောက် ကျွန်မရဲ့လုံးချင်းတချို့လည်း သူတို့ဆီမှာ ebook အဖြစ်တင်ထားတယ် လို့သိရပါတယ်။
အဖြူရောင်သက်တံတစ်စင်းနဲ့ကျွန်မရဲ့ရောင်စုံသီချင်းတွေ
နန်းညီ tag ထားတဲ့ ကျွန်မရဲ့ရောင်စုံတွေအတွက်.. ဒီပို့စ်အဟောင်းလေးကို ပြန်တင်လိုက်ပါတယ်။
အဖြူရောင်သက်တံတစ်စင်းနဲ့ကျွန်မရဲ့ရောင်စုံသီချင်းတွေ
ခရမ်းရောင်သစ်သီး
ခရမ်းရောင်ရနံ့တွေနဲ့…နလံမထုနိုင်တဲ့ရက်စွဲတွေကို ပိုက်ဆံလုပ်တဲ့စက်စုတ်တစ်လုံးထဲ ပစ်ထည့်လိုက်တော့မှ.အတော်လေးဟန်ကျပန်ကျရှိသွားသယောင် ကိုယ့်ကိုယ်ကို လှည့်စားနိုင်တော့တယ်။ ဒါပေမယ့်ရလဒ်ကတော့အဆင်မပြေပါဘူး ။ ပိုပြီးစွတ်စိုဝင်းမှည့်လာတဲ့ ခရမ်းရင့်ရောင်သစ်သီးတွေပဲ ထွက်ကျလာတယ်။ မကြာခင် အမှည့်လွန် ပျက်စီးသွားမှာပါ လို့….ထင်ရပေမယ့်ခုဆို..သက္ကရာဇ်တွေ တော်တော်တောင်ညောင်းသွားပြီ။ ခုထိ…. ဒီအတိုင်း။
ကျွန်မ အဲဒီသစ်သီးတွေကိုကြည့်ပြီး အစားမစားဖြစ်တာ တော်တော်တောင်ကြာသွားပြီ။ အရောင်တွေ၊ ရနံ့တွေရဲ့နှိပ်စက်ကလူပြုတာကိုလည်း ကျွန်မမခံစားနိုင်ဘူး။ နိုင်လိုမင်းထက် မဟုတ်ပါပဲနဲ့ကို တငွေ့ငွေ့သိမ်းသွင်း လှည့်ဖျား နှစ်မြှုပ်ထားခဲ့ကြတာ။ အံ့သြစရာ။
အိပ်မက်တွေကလည်း ၀ရုန်းသုန်းကားနဲ့ ခရမ်းရောင်တွေချည်း သွန်းကြဲပက်ချနေကြပြန်တယ်။.ခရမ်းရောင်သစ်သီးတွေကို နှစ်လိုစွာစားနေတဲ့ ကောင်မလေးတစ်ယောက်။ ‘ဟေ့…ဟေ့ ရပ်လိုက်’ ။ကျွန်မကို ထုံပေပေယုန်တစ်ကောင်လို ပြန်ကြည့်နေတဲ့ ကောင်မလေးနှုတ်ခမ်းမှာ…ခရမ်းရောင်တွေ စွန်းပေလို့။…တစ္ဆေမလှလှလေး တစ်ကောင်ရဲ့ နှုတ်ခမ်းလိုပဲ။ လှနေလိုက်တာ။ သိပ်ကြောက်စရာကောင်းတာဘဲ။ လန့်နိုးတော့ကျွန်မတစ်ကိုယ်လုံးအေးစက်လို့။
သံခြေကျင်းသံတွေဝဲနေတဲ့ခြေလှမ်းတွေက ဘယ်ကိုရောက်နိုင်မယ်လို့များ ရှင်ထင်လို့လဲ။ ကျွန်မ ပက်ပက်စက်စက် မုန်းပစ်ချင်လောက်အောင် နှစ်လိုမိတဲ့ရနံ့တွေထဲမှာပဲ လဲကျန်ရစ်ခဲ့ရ ပြန်တာပါပဲ ။ နှစ်နှစ်ကာကာချစ်ဖို့ ကြိုးစားရင်းက မုန်းမုန်းနေမိတဲ့ ခြေလှမ်းတွေနဲ့ ရက်ရက် စက်စက်မုန်းဖို့ကြိုးစားရင်းက နှစ်လိုနေမိတဲ့ ရနံ့တွေရဲ့ တိုက်ပွဲမှာ ကျွန်မဟာ သွေးအေးတဲ့ ဒိုင်သူကြီးတစ်ယောက်ပမာ…ဟန်ဆောင်ကောင်းလို့။ လက်ခံရရှိလိုက်တဲ့. အော်စကာရုပ်တုပေါ်က မျက်ရည်စက်တွေ ကတော့ ကျရှုံးမှုရဲ့သက်သေဖြစ် နေပေမယ့် ဘယ်သူမှ မမြင်လိုက်ကြပါဘူး။
I.N.D.I.G.O
မပွင့်ဖြစ်ခဲ့တဲ့ ရနံ့တစ်ချို့အကြောင်း ပြန်စဉ်းစားလိုက်တဲ့အခါမှာ အပြာရောင်လွင်လွင် သစ်ခွပွင့်တချို့ကို ပြန်သတိရမိတယ်။ ဘ၀မှာဘယ်တုန်းကမှ ပန်ဆင်ဖို့ စိတ်မကုးဖြစ်ခဲ့တဲ့ လွင်ပြင်ကမ္ဘာတွေနဲ့..တရင်းတနှီးကြီးကျွမ်းဝင်လာခဲ့ရတာ..ဘာလို့လဲ။.တစ်ခါတစ်ခါတော့လည်း အဲဒီရင်းနှီးပြီးသား ကံကြမ္မာဆိုတာကြီးကို ထိုင်ထိုင်ကြည့်ပြီး သူစိမ်းတစ်ရံစာ ဆန်ဆန်နေမိတာ..ဘာဆန်းတော့လို့လဲ။ ဘ၀ဟာ သိပ်ပြီး ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ရုပ်ရှင်တစ်ကားဆန်မနေဖို့ ၊ အမြဲတမ်းဆန်းသစ်ပြောင်းလဲ ပစ်နေရတာတဲ့လား ။ ကျွန်မပျင်းလှပြီ။ အဲဒီမဲပြာရောင် ပိတ်ကားကြီးကို ၀ုန်းကနဲ ပစ်ချလိုက်ရင် တကယ်ပဲ ပြည်ဖုံးကားကျသွားမှာတဲ့လား။
‘ဒါဆိုခပ်သွက်သွက်ကလေး ၊ ဟေ့လူ….. လုပ်လေ…ဘာလုပ်နေတာလဲ’
အရောင်စုံလှပနေတဲ့ ဆပ်ပြာပူဖောင်းတွေလို အဲဒီစာကားလုံးတွေ ပေါက်ကွဲလွင့်မျော ပျောက်ဆုံးသွားတယ်။
လှလှပပလေး၊…..လေထဲမှာ။
အပြာရောင်ဒိုင်ယာရီ
ကျွန်မက စကားတွေတရစပ်ပြောနေရင် မော့ကြည့် နားထောင်နေတတ်ပြီး ကျွန်မ ခံစားမှုတွေနဲ့ဖိစီး လေးလံလာရင်တော့ သူကကောင်းကင်တစ်ခုလို အုပ်မိုးပေးထားတတ်တယ်။ ကျွန်မရဲ့စကားလုံး တွေပြာရီ မှုန်မှိုင်းလာပြီဆိုရင်တော့ သူက အဲဒီစကားလုံးတွေကို တစ်ခါမှမမြင်ဖူးတဲ့အရောင်တစ်ရောင်ကိုတွေ့သလို ငေးမောနေတတ်ပြန်ရော။
တစ်ခါတစ်ရံမှာ သူ့ရင်ထဲက စကားလုံးပြာပြာတွေ ထွက်ထွက်ကျနေတတ်လို့ လိုက်လိုက် ကောက် ပေးရတတ်တယ်။ အဲဒီအခါမှာသူနဲ့ကျွန်မစိတ်ကောက်တတ်ကြပါတယ်။ လျို့ဝှက်မှုအက်ဥပဒေကို မထိမ်းသိမ်းဘူးဆိုတဲ့ ပုဒ်မကြီးကြီးနဲ့ ကျွန်မက သူ့ကိုစွပ်စွဲပြီး သူက ကျွန်မကိုနှစ်သိမ့်ဖို့ စကားလုံးတချို့ကို ထုတ်ထုတ်ကြည့်မိတာပါလို့ ကာကွယ် ငြင်းဆိုတယ်။
အဲဒီလို ညတွေမှာဆိုရင် အပြာရောင်မင်တွေနဲ့ရေးထားတဲ့ စကားလုံးတွေ အခန်းထဲမှာ ပွစာကျဲလို့။ တံမြက်စည်းတစ်ချောင်းနဲ့ ကျွန်မကစိတ်လိုက်မာန်ပါ လှဲထုတ်နေပြီးဆိုရင် သူ ကျွန်မကို ပြုံးကြည့်နေတတ်တယ်။ မောမောနဲ့ ကျွန်မအိပ်မောကျသွာပြီးလို့ မိုးလင်းပြီဆိုရင်တော့..ကျွန်မအခန်းလေးနေ ရောင်ခြည်အသစ်တွေနဲ့အတူ လင်းစင်နေတာကိုတွေ့ရတတ်တယ်။ သူကစကားလုံးအကြွင်း အကျန်တွေကိုကျွန်မ မသိအောင်ရှင်းလင်းပစ်လိုက်ပြီလေ။
‘ဘ၀ဆိုတာ…..ဒီလိုပါပဲ’………….တဲ့။သူကကျွန်မကိုတည်ငြိမ်စွာပြောတယ်။ ကျွန်မကတော့ နေ့သစ်တစ်ခုကို ဇဝေဇ၀ါကြည့်ရင်း ညကလှဲကျင်းထုတ်ပစ်လိုက်တဲ့ စကားလုံးတွေအကြောင်းတွေးနေမိသေးတယ်။သူပြောတဲ့ ဒီလိုပါပဲ ဆိုတဲ့အထဲမှာ ဇဝေဇ၀ါနဲ့ အတိတ်တွေကို ပြန်ပြန် စဉ်းစားနေမိတတ်တာရော ပါလားမသိဘူး၊ ကျွန်မ မမေးဖြစ်လိုက်ဘူး ။
Jim Reeves ကတော့ ipod ထဲကနေအော်နေတယ်။
‘Blue Skies, smiling at me
Nothing but blue skies do I see
Blue birds, singing a song
Nothing but blue birds, all day Long
I never saw the sun shines so bright
Never saw things going so right’ တဲ့
သိပ်ရယ်ရတာပဲ။
အဲဒီသီချင်းပြောပါတယ်။ ကျွန်မလွမ်းဆွတ်နေတဲ့အပြာရောင်မျက်ဝန်းတစ်စုံအကြောင်းလည်းမပါဘူးလေ။
အစိမ်းရောင်ဒဏ်ရာ
ဒဏ်ရာက ရထားတာ အတော်လေးကြာနေပြီဆိုပေမယ့် အဲဒီဒဏ်ရာကျက်မကျက် ကျွန်မမသိဘူး။ ခဏခဏလှမ်းမေးနေရတာ ကြာတော့လည်း ကိုယ့်ကိုယ်ကို အားနာလာတယ်။ ရာဇ၀င်တွေကို ပြန်ပြန်မေ့တတ်တဲ့ ကျွန်မရဲ့မှတ်ဥာဏ်က အဲဒီဒဏ်ရာကို ဘယ်လိုရခဲ့မှန်းမသိတော့ဘူး။ အမြဲစိမ်းသစ်တောကြီးတွေဆီကကူးစက်တာလား။ ကျောင်းသူလေးတစ်ယောက်ရဲ့ဝတ်စုံကနေထိခိုက်မိခဲ့တာလား။ အစိမ်းရောင် သစ်သီးတစ်လုံးကြောင့်လား။ ဘာမှသိပ်မသဲကွဲတော့ဘူး။
ဖြစ်ရပုံက အစိမ်းရောင်သန်းနေတဲ့ အဲဒီဒဏ်ရာကိုကြည့်ပြီး ကျွန်မက ပြန်လည် လန်းဆန်းလာတတ်တာဆိုတော့ ဒဏ်ရာက မကျက်တော့တာဆန်းသလား။ ကျွန်မဖြတ်သန်းခဲ့တဲ့ သစ်တော လမ်းလေး ပေါ်က အစိမ်းရောင် ရက်စွဲတချို့ကိုကျပြန်တော့ သိပ်မကောင်းလှတဲ့ ကျွန်မရဲ့ ဦးနှောက်က စွဲမိစွဲရာ
ဆိုသလို အမှတ်ရနေပြန်တယ်။ ဒီဒဏ်ရာလေး ဘယ်လိုရခဲ့သလဲ မသိတာကလွဲရင်ပေါ့။
စိမ်းရွှေရွှေနံ့ရတဲ့ မျက်လုံးတွေကို ရှောင်ဖယ်လို့မရတတ်တဲ့အခါတိုင်း ကျွန်မ အဲဒီဒဏ်ရာလေးကို ငုံ့..ငုံ့ကြည့်မိတယ်။ ဒဏ်ရာလေးကတော့ ကျွန်မကိုစိမ်းစိမ်း ကား ကားဆက်ဆံမြဲပါပဲ။ သူ့ကြည့်ရတာ ကျွန်မ ဆီကနေဘယ်သောအခါမှခွာသွားမယ့်ပုံလည်းမပေါက်ဘဲနဲ့ ကျွန်မနဲ့ ကျတော့လည်း ငြိမ်းချမ်းရေးယူချင်ပုံ မရပြန်ပါဘူး။ တစ်ခါတစ်ရံမှာ စိမ်းဆတ်ဆတ်နဲ့ ကျွန်မကိုအသက်ရှုကြပ်စေပြန်သေးတယ်။
မိုးစက်တွေကျလာတဲ့အခါ သူကရောယောင်ငိုတယ်။ နှင်းငွေ့တွေစွတ်ဆိုလာတဲ့အခါ သူက ငေးငိုင်လွမ်းမောနေပြန်ရော။နွေရာသီရောက်ရင်တော့ သူဟာ ခေါင်းထောင် ကြည့်တတ်ပါတယ်။ ပြီးရင်တော့သူ့ဘာသာသူ စိမ်းမြဲစိမ်းဆဲပါပဲ။
အ၀ါရောင်ပန်းချီကား
သေချာပါတယ်။ တော်ရုံဦးနှောက်လောက်နဲ့ကတော့ လူရာဝင်အောင် မှတ်ထားတတ်တဲ့ ဗန်ဂိုး ရဲ့ပန်းချီကားတွေလောက်ပဲ သူတို့ခေါင်းထဲ ခုန်ပေါက်ဝင်လာကြမှာ။ တချို့လူတွေက အံ့သြပြချင်စရာကောင်းလောက်အောင်. ၀ါတာတာ နိုင်လွန်းတယ်။ ကျွန်မရဲ့ ပန်းချီကားထဲ မှာ..ဘာနေကြာပန်းမှ မပါပါဘူး၊ဗန်ဂိုးရဲ့ အ၀ါလည်းမဟုတ်ဘူး။ ပိတောက်တွေလူးတဲ့ ရွှေရည်မျိုးလည်း မဟုတ်ပါဘူး။(တုံးလိုက်တာ)
အ၀ါရောင်လူတွေကို စိတ်ရှိလက်ရှိ ပြွတ်ကြပ်ညပ်နေအောင် ဖိသိပ်ရေးဆွဲထားတာ။
တစ်ကားလုံးဝါလို့။ အဲဒီ အ၀ါဟာ ညှီတီတီတော့အရှိသား။ အနံ့အသက်ဆိုးတွေကို တော်ရုံမရတတ်တဲ့ ကျွန်မ အတွက်တော့ အဆင်ပြေပါတယ်။ ရှင်တို့ကတော့ တဆိတ် သည်းခံ ပေးကြပေါ့။ အနည်းဆုံး…နှာခေါင်းလောက်တော့ ရှုံ့နိုင်ပါတယ်။ သံခင်းံတမန်ခင်းအရ လက်ဝါးနဲ့တော့ မအုပ်မိစေနဲ့ပေါ့။ Diplomacy ဆိုတာကြီးကို ကိုယ်ကမသိတောင် သူများတွေ သိနေတယ် ဆိုတာလောက်ကိုတောင်မှ ..မသိတဲ့သူတွေအတွက်တော့ ကျွန်မ ပန်းချီကားက..တော်တော်လေး..သရော်တော်တော်နိုင်နေပါလိမ့်မယ်။ ‘လောကမှာဘာမှမသိတဲ့လူဟာဘာမှသိပ်ရှက်စရာမလိုပါဘူး’……..တဲ့။
ဘယ်သူမှပြောခဲ့တာမဟုတ်ပါဘူး ။ ကိုယ့်ဘာသာကိုယ်မနေ့ညကပဲ ပုလဲကွန်ဒိုအောက်က
Asia Light နားမှာကောက်ရခဲ့တာ။ ပိုင်ရှင်တွေ့ရင်တော့ပြန်ပေးမှာပါ။ ဒါပေမယ့်သက်သေ အထောက်အထားပြခိုင်းတဲ့အခါမှာ အဲဒီစကားလုံးတွေဟာ အ၀ါရောင်တွေ လို့တော့မလိမ်မိစေနဲ့ပေါ့။ ကျွန်မက ညှီနံ့တွေနဲ့ ယဉ်ပါးနေတာတောင်မှု ဇီဇာတော့ ကြောင်တတ်သေးတဲ့…ခပ်ကြောင်ကြောင်လူတစ်ယောက်ပါ။
လိမ္မော်ရောင်အကျီ င်္
တကယ်ဆိုအဲဒီအကျီ င်္က၀တ်ဖို့မဟုတ်ခဲ့ဘူး။ ရွှန်းစိုနေတဲ့ လိမ္မော်သီး လှလှကြီးတွေ ပါတာမို့ သိပ်အရသာရှိမှာပဲ ဆိုပြီး ၀ယ်သိမ်းထားလိုက်တာပါ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ တစ်ခါမှမမှည့်နိုင်တဲ့ လိမ္မော်သီးတွေကိုကြည့်ပြီး ကျွန်မနာကျင် လာတယ်။
‘အဲဒါဘာလဲ’
‘အကျီင်္တစ်ထည်ပေါ့’
‘ဟင့်အင်း….လိမ္မော်သီးတွေပါ’
‘မယုံရင်ရှင်ဝတ်ကြည့်ပါလား၊..ဒါပေမယ့်အခုထိတော့မမှည့်သေးဘူး’
‘အကျီင်္ဆိုတာ..မှည့်စရာမလိုပါဘူး’
‘လိမ္မော်သီးတွေကလည်း…၀တ်ဖို့မလိုပါဘူး’
မေးခွန်းတွေ သယ်လာသောသူတစ်ယောက် သူ့မေးခွန်းတွေပြန်ကောက်သိမ်းကာ လာရာလမ်းအတိုင်း..ပြန်သွားတာတွေ့လိုက်ရသည်။သူ့နောက်မှ လိမ္မော်ရောင် အကျီတစ်ထည်တလိမ့်လိမ့်နှင့်ပါသွားတာ…သူမသိလိုက်။
လိမ္မော်ရောင်ဟာ ချိုမြိန်တဲ့အရောင် မဟုတ်တာ သေချာပါရက်နဲ့ အဲဒီအကျီ င်္
ပေါ်မှာ ပုရွက်ဆိတ် တကောင်ကို တအံ့တသြ တွေ့လိုက်ရသေးတယ်။
အနီရောင်ရက်စွဲ
အဲဒီမနက်က ပန်းတွေ လုံးဝမပွင့်ခဲ့တာ သေချာကြောင်း သက်သေပြဖို့ ကျွန်မမှာ အချက်
အလက် တစ်စုံတစ်ခုမှ အသင့်ရှိမနေခဲ့ပါဘူး။ သေချာတာကအဲဒီနေ့မှာလူတစ်ယောက်
သေဆုံးသွားခဲ့ပြီး…အဲဒီလူက ကျွန်မကိုယ်တိုင် ဖြစ်နေတာပါပဲ။အဲဒီလူဟာ ကျွန်မဖြစ်ကြောင်း သက်သေပြဖို့ဆိုရင်တော့. အတော်ကို ခက်ခဲပါလိမ့်မယ်။
ကျွန်မရဲ့ ID card မှာ မင်နီတွေ စွန်းနေခဲ့လို့ပါ။
ပန်းစည်းနီနီတွေ၊ ပန်းပွင့်နီနီတွေက အဲဒီဈာပနဆီ အုပ်ဖွဲ့ပျံသန်းလာခဲ့ကြတယ်။
စံပယ် တစ်ပွင့် တစ်လေတောင်မှ ယောင်ယမ်းပြီး မမွှေးမြခဲ့တာတော့ကြံစည်မှု
တစ်ခုခုပါဝင်လိမ့်မယ် ထင်ပါရဲ့။တကယ်တော့ အဲဒီနေ့က နေမသာခဲ့ပါဘူး။
ဟန်ဆောင်ပန်ဆောင် မိုးခြိမ်းသံတစ်ချို့ကိုတော့ ကြားလိုက်ရတယ်။
ရွာချလိုက်ဖို့ ဘာအင်အားမှမရှိဘဲနဲ့ဘာလို့များ အပင်ပန်းခံနေတာပါလိမ့် ။ မျက်ရည်တစ်စက်မှ မပါဝင်တဲ့ ဈာပနလေးဟာ ခြောက်ခြောက် သွေ့သွေ့လေးနဲ့ စွတ်စိုပြီးဆုံးသွားပါလိမ့်မယ်။
ကျေးဇူးပြုပြီး ကျွန်မကို စံပယ်အဖြူရောင် တစ်စက်လောက် ပေးကြပါ။
နီမြန်း စူးရှနေရတာ ကျွန်မ ပင်ပန်းလှပါပြီ။
နေ၀င်သွားခဲ့ရင်တော့ အဲဒီနေ့ဟာ သူ့အလိုအလျောက် ပြီးဆုံးသွား ပါလိမ့်မယ်။ သမိုင်းတင်စရာမလိုတဲ့ ရက်စွဲတစ်ခုလည်းဖြစ်တာမို့ သူ့အလိုလို အငွေ့ပျံပြီး ပြီးဆုံးသွားပါလိမ့်မယ်။ အရာအားလုံးကို ဟန့်တားနိုင်စွမ်းတဲ့ အနီရောင်ဟာ သေခြင်းတရားကိုတော့..ငေးမောကြည့်နေခဲ့ရပါတယ်။
အဖြူရောင်သက်တံ
ဆူညံပေါက်ကွဲနေသော အရောင်များ ငြိမ်သက် မောဟိုက်သွားကြသောအခါ အဖြူရောင်
သက်တံတစ်စင်းကို မြင်လိုက်ရသည်။ ထိုသက်တံကို ကျွန်မ မပိုင်ပါ။
ရှိနေသော မရှိခြင်းတရားကို ကျွန်မတို့ အဘယ်မှာ ပိုင်ဆိုင်နိုင်မည်နည်း။ ဖြူမှုန်လင်းဝေနေသော သက်တံ တစ်စင်းက ငုံ့ကိုင်း ကြည့်လိုက်သောအခါ ကမ္ဘာသည်………………..။
စာကြွင်း
စာမူပြီးဆုံးရက် – မုန်တိုင်းစဲပြီးသောနေ့
ပါဝင်သောအရာများ – နှလုံးသားခံစားမှု ၂၅%
ဦးနှောက်နှင့်အတတ်ပညာ ၂၅%
အနုပညာ ၅၀%
မှတ်ချက် – စိတ်ခံအားမကောင်းသူများ၊ နှလုံးရည်အားနည်းသူများ၊ မစ္ဆိယစိတ်များသူများနှင့် အသိဥာဏ်နုံ့နဲသူများနှင့်မအပ်စပ်ပါ။ တားမြစ်သည့်ကြားမှဖတ်မိပါက ကျွန်မတွင်တာဝန်မရှိပါ။
Recent Comments